ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် နှင့် ပေါက်ကရများ ရှင်းတမ်း




ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် ....
နှင့်
ပေါက်ကရများ ရှင်းတမ်း

-----------------------------------------------------------------------------

ကလေးအတွေးဆိုတာ အတ္တကြီးပါတယ်
ငါတကောကောတဲ့ အတွေးမျိုးပါ 

ကျွန်မတို့တွေဟာ ဘယ်လောက်ပဲ အသက်ကြီးလာလာ စိတ်ထဲမှာ အမြဲ စိတ်ကောက်နေတဲ့ 
ငါတကောကောချင်နေတဲ့
inner child လေး ရှိပါတယ် ။

ကိုရိုနာပိုးကို ကလေးအတွေးနဲ့ တွေးကြည့်ရင် ပြုံးချင်ချင် ဖြစ်စရာတစ်ခု ရှိပါလေရော....။

တစ်ကမ္ဘာလုံးမှာ အတော်ဆုံးပါဆိုတဲ့ သိပ္ပံပညာရှင်‌တွေ ဒေါ်လာသန်းချီသုံးကာ research လုပ်ပြီး အသည်းအသန် ရှာနေကြတာ....
ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ဆေးပါ။
  
ဒီနေ့အထိ လောက်လောက်လားလား မတွေ့ကြသေး‌ပေမယ့်လည်း...

ကိုယ့်အိမ်ဘေစင်ပေါ်က ပေါပေါပဲပဲ ဆပ်ပြာတုံး ပန်းရောင်လေးက ဒီပိုးကို သတ်နိုင်နေတဲ့ အ‌ဖြစ်က စဉ်းစားကြည့်ရင် သဘောကျစရာပါ.. ။ 😁

ဆပ်ပြာတုံးလေးတင် မကပါဘူး ....
Alcohol ပါ၀င်မှု 60% ထက်များတဲ့ Hand sanitizer တွေလည်း ...
ဒီပိုးကို သတ်နိုင်တဲ့ အထဲမှာ ပါပါတယ်။

ဆပ်ပြာရည်တွေ....
Alcohol အရက်ပါတဲ့ လက်သန့်ဆေးရည်တွေကတောင် 
ပိုးသတ်နိုင်သေးတာပဲကွယ် .... 

🔺ပိုးရှိနေရင် အရက်ပြန်လည်း ပိုးသတ်နိုင်တာပေါ့...
ဆိုပြီး တွေးမိတဲ့သူတွေ ရှိပါတယ် ။

အဲလိုတွေးမိတဲ့အပြင် အကောင်အထည်ဖော်ခဲ့ကြတဲ့သူတွေ တကယ်ရှိခဲ့ပါတယ်။
အီရန်နိုင်ငံမှာ လူအစုလိုက် အပြုံလိုက် တကယ် "အရက်ပြန်" သောက်ခဲ့ကြပါတယ် ...

ဘာဖြစ်သွားလဲဆိုတော့ ....။
ထင်တဲ့အတိုင်းပါပဲ ...
စိတ်မကောင်းစရာ ...
အဲဒီလူတွေ အစုလိုက် အပြုံလိုက်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ 😖

▪️မြန်မာနိုင်ငံမှာတော့ အရက်ပြန်သောက်ပြီး ပိုးသတ်မယ်ဆိုတဲ့သူတွေ မကြားမိပါဘူး...။

ဒါပေမယ့်လည်း....

🔺ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်တယ် ...
ကွမ်းစားသူများအတွက် ၀မ်းသာစရာ သတင်းကောင်းဆိုတဲ့ ပို့စ်တွေ....

🔺ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးသေပါတယ်ဆိုတဲ့ ပို့စ်တွေ....

🔺ဆားရည်နဲ့ ပလုတ်ကျင်းရင် ပိုးသေတယ် ကာကွယ်နိုင်တယ်ဆိုတဲ့ ပို့စ်တွေ... 

🔺ကိုရိုနာပိုးက အေးရင် ပိုဖြစ်တယ် ...အဲဒါကြောင့် ရေခဲမုန့်ရှောင်ပါ ဆိုတဲ့ပို့စ်တွေ...

ဖွဘုတ်မှာ ပလူပျံနေပါတော့တယ် ။ 


တကယ်တော့.... 
အဲဒီလိုပို့စ်တွေ.... အဲဒီလို အယူအဆတွေကို  
လူတွေဘာလို့ ယုံသွားကြတာလဲဆိုပြီး သေသေချာချာ စဉ်းစားကြည့်ရင် ...

သူတို့ Experts တွေ သင်ပေးခဲ့ကြတာတွေက စတာပါပဲ။ 

▪️ဆပ်ပြာနဲ့ ပိုးသတ်ပါ...
လက်သန့်ဆေးရည်နဲ့ ပိုးသတ်ပါ ...
ပိုးသေပါတယ်လို့ သင်ပေးခဲ့ကြတာကိုး ။
မမှားပါဘူး ....
တကယ်လည်း ပိုးသေပါတယ် ...။

ဒါပေမယ့် 
ရှာလကာရည် ၊ ထုံးရည် ၊ ဆားရည် ၊ အရက်ပြန်တွေ သောက်နေ... ပလုတ်ကျင်းနေရင်တော့...

ကိုရိုနာပိုး မသေနိုင်ပါဘူး...မကာကွယ်နိုင်ပါဘူး ။

❓ဘာဖြစ်လို့ပါလိမ့်?

ဘာဖြစ်လို့လဲဆိုတော့ 
တစ်ခွန်းတည်း ဖြေရရင် ...
လူကိုယ်ခန္ဓာ အတွင်းမှာနဲ့ အပြင်မှာနဲ့ ကွာလို့ပါ ....။

နည်းနည်းပိုသိချင်မယ့် လူတွေရှိနိုင်လို့ 
နည်းနည်းပိုချဲ့ပြီး ဖြေပါရစေ။  

🔹သူ့အကြောင်း ပြောတော့မယ်ဆိုတော့ သူ့ရဲ့ ရုပ်ရည်ရူပကာကို အရင် မိတ်ဆက်ပေးမှာပါ ။ 

▪️ဇာတ်လိုက်ကျော် ကိုရိုနာဗိုင်းရပ်စ်ဟာ 
RNA လို့ခေါ်တဲ့ အမျှင်လေးတစ်မျှင် ဖြစ်ပါတယ် ။ အဲဒီအမျှင်ပေါ်မှာ အဆီမော်လီကျူးနှစ်လွှာထပ်ထားတဲ့ အခွံ (lipid bilayer) နဲ့ အုပ်ထားပါတယ် ။

လွယ်လွယ်ပြောရရင် 
အမျှင်တစ်မျှင်ပေါ်မှာ အဆီအုပ်ထားတဲ့ အကောင်ပါ ....။

▪️အရွယ်အစားက ဘယ်လောက်သေးလဲဆိုရင် ...
ပေတံပေါ်မှာပါတဲ့ 1 mm ကိုမြင်ကြည့်ပါ ။

အဲဒီ 1 mm ကို နောက်ထပ် အပုံတစ်သောင်း ထပ်ပုံကြည့်ပါ ။ 
ဒီအကောင်ဟာ အဲဒီအပုံတစ်သောင်းရဲ့ တစ်ပုံကျော်ကျော်လေးပဲ အရွယ်အစားရှိပါတယ် ။ 
စာလို ပြောမယ်ဆိုရင်တော့ viral particle ဟာ 120 nm ရှိပါတယ်။

▪️အမှန်တော့ သူ့ကို သက်ရှိအကောင်လို့တောင် ခေါ်ဖို့က ခက်ပါတယ် ။ 

သူဟာ အမျှင်တစ်မျှင် အဆင့်ပဲရှိတဲ့အတွက် သူဘာသာသူ အသက်ရှင် မရပ်တည်နိုင်ပါဘူး ။ 
သူမှီခိုစားသောက်ရမယ့် အခြား ပိုအဆင့်မြင့်တဲ့ သက်ရှိတစ်ကောင်ကောင်ရဲ့ cell ဆဲလ်လိုပါတယ်။ 

အဲတော့ လူတွေ တိရစ္ဆာန်တွေရဲ့ cell တွေထဲ ၀င်ပြီး အသက်ဆက်ပါတယ် ။ 
ပွားပါတယ် ။ 
မူရင်း cell ကို ပျက်စီး သေဆုံးစေပါတယ် ။ 
အရိပ်နေနေ အခက်ချိုးချိုး အကောင်လို့ မြင်ထားရင် ရပါပြီ ။

သူနဲ့ ပတ်သတ်ပြီး ဒီ ၂ ချက်ကို တီးမိခေါက်မိ ဖြေနိုင်ရင် 
သူများ ပြောတိုင်းယုံစရာ မလိုတော့ပါဘူး ...
ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်လို့ ရပါပြီ။ 

နံပါတ် (၁) က 
🔻ပိုးဟာ လူကိုယ်ထဲ ဘယ်လို၀င်တာလဲ ?? 

🔹ပိုးရှိတဲ့သူက ချောင်းဆိုးလိုက်ရင် နှာချေလိုက်ရင် ...
နှာရည်/တံတွေး /နှပ် အမှုန်အမွားတွေဟာ ...
သူ့ရဲ့အသက်ရှုလမ်းကြောင်း တစ်လျှောက်ကနေ လွင့်ထွက်လာပါတယ် ။

▪️သုံးပေခွာပါလို့ WHO က အလုပ်သဘောအရ ကျယ်ကျယ်ပြန့်ပြန့် ပြောနေပေမယ့် 
တကယ်ရောက်နိုင်တဲ့ အကွာအဝေးဟာ ဒီထက်အများကြီးပိုပါတယ် .... 

အားအပြည့်နဲ့ ချောင်းဆိုးရင် အဝေးဆုံး 6 မီတာ ( ပေ ၂၀ နီးပါး ) နဲ့
နှာချေရင် အဝေးဆုံး 8 မီတာ ( ၂၆ ပေခန့်) ရောက်ရှိနိုင်ပါတယ် ။

▪️ဆိုကြပါစို့...
ပိုးရှိတဲ့သူတစ်ယောက်ဟာ လမ်းမပေါ်မှာ လမ်းလျှောက်နေရင်း လက်နဲ့ဖြစ်ဖြစ် ပုဝါနဲ့ဖြစ်ဖြစ် ဘာနဲ့မှ မအုပ်ဘဲ လွတ်လွတ်လပ်လပ် နှာချေပစ်လိုက်ပါပြီတဲ့ ...

အဲဒီကလွင့်လာတဲ့ ပိုးပါတဲ့ နှာရည်အမှုန်အမွားဟာ သူ့နားက ဓာတ်တိုင်ပေါ် သွားတင်နေနိုင်ပါတယ် ...။

▪️နောက်ငါးမိနစ်လောက်အကြာမှာ မသိတဲ့လူတစ်ယောက်က အဲဒီဓာတ်တိုင်ကို ကိုင်မိတယ် ဆိုပါတော့ ....။

ကိုင်မိတဲ့သူလက်မှာ အရေပြားပွန်းပဲ့ခြင်း ပေါက်ပြဲနေခြင်း မရှိဘူးဆိုရင် ...
ပိုးဟာ လက်အသားကိုဖောက်ပြီး ကိုယ်ထဲကို တန်းမဝင်နိုင်ပါဘူး ။ 
ဒါဟာ လူ့အရေပြားရဲ့အစွမ်းပါ ။ အပြင်ပိုးတွေ ရန်ကနေ ကာကွယ်ပေးထားတာပါ ။

▪️ဒါပေမယ့် ...
နှစ်မိနစ်ကနေ ငါးမိနစ်ကို တစ်ကြိမ်
လူအများစုဟာ ကိုယ့်မျက်နှာကိုယ် ကိုင်မိကြပါသတဲ့ ။ 

▪️မျက်နှာမှာရှိတဲ့ 
နှာခေါင်းအတွင်းသား၊ 
နှုတ်ခမ်းအတွင်းသား ၊ 
မျက်လုံးရဲ့ မျက်ကြည်လွှာ ...စတဲ့
အဲဒီလိုနေရာတွေဟာ အရေပြား အုပ်ထားခြင်းမရှိပါဘူး ။ 
စာလိုပြောရရင်တော့ mucous membrane နေရာတွေလို့ ခေါ်ပါတယ် ။

အဲဒီအခါမှာ
ကိုရိုနာပိုးဟာ လူကိုယ်ထဲ ၀င်ဖို့ အခွင့်အရေး ရပါတော့တယ် ။

▪️လူကိုယ်ထဲဝင်တယ်ဆိုလို့ ...
ကျွန်မတို့ နေ့တိုင်း ရေသောက်၊ ထမင်းစားသလို 
ပါးစပ်ပေါက်ကနေ လည်ချောင်းထဲရောက် 
ပြီးတော့ ရင်ခေါင်းထဲ၊ ဗိုက်‌ခေါင်းထဲ ၀င်သွားတာမျိုး မမြင်ယောင်စေချင်ပါဘူး ။

 ပိုးဟာ သူထိတွေ့လိုက်ရတဲ့ ဆဲလ်လေးတစ်ခုထဲကို ၀င်တာပါ ။

လူ့ကိုယ်ထဲ ပိုးဘယ်လို၀င်လဲဆိုတော့....

🔹ပိုးအခွံမှာရှိတဲ့ S-protein (spike protein) လို့ခေါ်တဲ့ ပရိုတိန်းပစ္စည်းလေးဟာ ...

သူ၀င်ချင်တဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်ပေါ်မှာရှိတဲ့ 
ACE-2 လို့ခေါ်တဲ့ receptor (လက်ခံတဲ့နေရာ) ကို သွားချိတ်ပါတယ် ။

ကျွန်မတို့ အခန်းတံခါးဖွင့်ပြီး အခန်းထဲ၀င်သလိုပဲ ...
ACE-2 လက်ခံတံခါးကနေ ပိုးဟာ လူ့ ‌ဆဲလ်ထဲ အောင်မြင်စွာရောက်ရှိသွားပါတော့တယ်း ။ 

▪️လူ့ဆဲလ်ဟာ သူ့အတွက်တော့ အသက်ရှင်ရပ်တည်ရုံမက သူ့လိုပုံစံတူလေးတွေ ထပ်ပြီးပွားဖို့ မွေးဖို့ အစာရေစာ ပေါကြွယ်ဝရာ နေရာကြီးပါ ။ 

▪️သူ့လို RNA copies အမျှင်လေးတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ nucleic acid ‌တွေ၊ protein တွေ ၊ အဆီတွေ လူ့ cell ထဲမှာ ပေါမှပေါပါ ။ 

အဲတော့ သူပွားပါပြီ... အမျှင်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ။ 

▪️ထပ်ပေါက်လာတဲ့ နောက်ပေါက် RNA လေးတွေ များလာတဲ့အချိန်မှာ မူရင်း ဆဲလ်ဟာပျက်စီးပြီး ပွင့်ထွက်သွားပါတယ်။ 

အဲဒီမှာ ထွက်လာတဲ့ ပိုးတွေဟာ အနီးအနားက နောက်ထပ် သောင်းနဲ့ သိန်းနဲ့ချီတဲ့ ဆဲလ်တွေကို ထပ်ကျုးကျော်ဝင်ရောက်ပါတယ် ....

▪️အနီးအနားက ဆဲလ်တွေထဲ ၀င်ရုံမက cell နားမှာရှိတဲ့ ... 
capillary လို့ခေါ်တဲ့ ဆံခြည်မျှင်သွေးကြောတွေထဲ လိုက်သွားပြီး သွေးစီးဆင်းရာ လမ်းကြောင်းအတိုင်း တစ်ကိုယ်လုံး သူကြိုက်တဲ့နေရာကို သွားလို့ရသွားပါပြီ ။ 

ဒါကို သဘောပေါက်ပြီဆိုရင် ....

🔺လည်ချောင်းမှာ လေးရက်နေတယ် / ပြီးရင်အဆုတ်ထဲဆင်းသွားတယ် / အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် 
ပိုးသေပါတယ် ...ကိုရိုနာကာကွယ်ပါတယ်"

ဆိုတဲ့ပို့စ်တွေကို / အပြောတွေကို
မှန်မမှန် ဆန်းစစ်ဖို့ ဗဟုသုတ ရှိသွားပါပြီ ။

▪️ဆားရည်နဲ့...

▪️ထုံးနဲ့...

▪️ရှာလကာရည်နဲ့ ...

▪️အရက်ပြန်နဲ့....

ပလုတ်ကျင်းရင် အပေါ်ယံ ပါးစောင်က ဆဲလ် အနည်းငယ်နဲ့ ထိတွေ့မိကောင်းမိနိုင်ပါလိမ့်မယ် ။ 
ဒါပေမယ့် ရောဂါကို ကာကွယ်ဖို့ကတော့ အဝေးကြီးပါ ။

🔸နှာခေါင်းက စတဲ့ အသက်ရှူလမ်းကြောင်း တောက်လျှောက်က သိန်းနဲ့ချီတဲ့ cell တွေမှာ၊ 
မျက်ကြည်လွှာက cell တွေမှာ၊ 
သွေးကတစ်ဆင့် သွားမယ့်နေရာတွေမှာ ၊ 
အဆုတ်ထဲက cell တွေမှာ  
ပွားနေဖို့ ....

ပွားရင်း လုံလောက်တဲ့ ပိုးပမာဏတစ်ခုကိုရောက်ရင် ရောဂါဖြစ်စေဖို့....

အခွင့်အလမ်းတွေ ဗိုင်းရပ်စ်ပိုးမှာ အများကြီးကျန်ပါသေးတယ် ။ 

လူကိုယ်ထဲ ဘယ်လို၀င်သလဲဆိုတဲ့ ပထမမေးခွန်းတော့ ဖြေပြီးပါပြီ ။

အဲတော့....ဒုတိယမေးခွန်းလေး ဆက်ရအောင်ပါ။
နံပါတ် (၂) က   
🔻ဆပ်ပြာဟာ ပိုးကိုဘယ်လို သတ်တာလဲ??

ဆီပေနေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးမှ ပြောင်တာ ဘာလို့လဲလို့ ငယ်ငယ်က ကျွန်မတို့ စဉ်းစားဖူးကြမှာပါ။ 
အခုတော့ အဖြေ သိပါပြီ ။

🔹ဆပ်ပြာတွေမှာ အဆီကိုဖျော်နိုင်စွမ်း ရှိတဲ့ပစ္စည်း amphiphilic substance တွေ ပါပါတယ် ။ 

 ဗိုင်းရပ်စ်ဟာ RNA အမျှင်ကို အဆီအုပ်ထားတဲ့ အကောင်ဆိုတာ မှတ်မိကြဦးမယ် ထင်ပါတယ်...။ 

အဲတော့ဆပ်ပြာနဲ့ လက်ဆေးလိုက်ရင် 
ပိုးရဲ့ အဆီခွံဟာ 
ဆပ်ပြာမှာ ပျော်ပြီးကျွတ်သွားပါတယ် ။

အခွံကျွတ်ရင် အထဲက RNA အမျှင်ရဲ့ဘ၀ဟာလည်း နိတ္ထိတံပါပြီ ။ 

▪️Alcohol 60% နဲ့ အထက်ပါတဲ့ hand sanitizer တွေရဲ့ သဘောဟာလည်း ဆပ်ပြာအတိုင်းပါပဲ ။
Alcohol ထဲမှာ ပျော်၀င်ပြီး ပိုးရဲ့ အဆီခွံကျွတ်သွားတာကြောင့်ပါ။ 

ဒါဆို ....
▪️အရက်ပြန်သောက်ရင်

▪️ဆားရည်နဲ့ ပလုတ်ကျင်းရင် 

▪️ထုံးရည်နဲ့ထိဖို့ ကွမ်းယာစားရင် 

ဘာလို့ လူကိုယ်ထဲက ကိုရိုနာပိုးကို မသတ်နိုင်လဲဆိုတာ တွေးကြည့်ကြရအောင်ပါ ။ 

🔹မြင်အောင်ပြောရရင်
ဗိုင်းရပ်စ်ပိုးဟာ လူကိုယ်ထဲမှာ....

▪️ဆိုပါစို့....
ပါးစပ်ထဲမှာ/လည်ချောင်းထဲမှာ 
ဒီအတိုင်း လေးရက်တိတိနေပါမယ်လို့ စာချုပ်ချုပ်ပြီး  
ငုတ်တုတ်ထိုင် စောင့်နေတာမဟုတ်ပါဘူး ။ 😁

▪️လူ့ဆဲလ်တစ်လုံးချင်းစီရဲ့ အလယ်ခေါင်က nucleus အထဲမှာ ၀င်ပုန်းပြီး စားသောက်ပြီး ကလေးအသစ်တွေ မွေးနေတာပါ ။ 

▪️သူ့ကို ကာကွယ်ပေးထားတာ (ဓာတ်တိုင်မှာ/လက်မှာ ကပ်နေရတဲ့ မျက်နှာမွဲပိုးဘဝတုန်းကလို) သူ့ရဲ့ အဆီခွံတစ်ခုထဲ မဟုတ်တော့ပါဘူး ။ 

သူ့ကို စပွန်ဆာပေးနေတဲ့ လူ့ဆဲလ်ရဲ့ ကိုယ်ပိုင်အခွံတစ်ထပ်အပြင် nucleus ရဲ့ အခွံတစ်ထပ်ကပါ ပိုးကို ကာကွယ်ပေးနေပါပြီ ။

🔸မြန်မာဘုရင်တွေ လက်ထက်က စစ်တိုက်တဲ့ ဥပမာနဲ့ ပြောရရင် ပိုရှင်းမယ် ထင်ပါတယ်။ 

လူရဲ့ cell အခွံက မြို့ရိုးနဲ့ အလားတူပါတယ်...
ပိုးကတော့ မြို့ရဲ့အလယ် နန်းတော်ထဲ ထိုင်နေတာပါ ။

ပိုးကို ဆားရည်စိမ်/ထုံးရည်စိမ် သတ်ချင်ရင် ...

▪️မြို့ရိုးနဲ့တူတဲ့ လူ့ဆဲလ်ရဲ့ နံရံကို အရင်ဖျက်ဆီးရပါမယ် ။
▪️ပြီးရင် နန်းတော်ရဲ့ တံတိုင်းနဲ့ တူတဲ့ 
 nucleus ရဲ့နံရံကို ထပ်ဖျက်ဆီးရပါမယ် ။

▪️အဲဒါပြီးမှ RNA အမျှင်တွေဆီကို ရောက်မှာပါ ...

ဆိုလိုတာက ပိုးကို ရှာလကာရည်စိမ်/ဆားရည်စိမ် သတ်ချင်ရင် ပုံမှန် ပါးစပ်ထဲ ထည့်လို့ရတဲ့ ရှာလကာရည်ပြင်းအားနဲ့ မတိုးပါဘူး ။ 
လူဆဲလ်နံရံပါ ပျက်စီးအောင် ပြင်းအားရှိမှ ဆဲလ်အထဲက ပိုးသေမှာပါ ။ 
အဲလိုပြင်းအားရှိရင် လူ‌လဲသေပါပြီ ။ 

🔹အဲဒါကြောင့် ကမ္ဘာရပ်ရပ်မှာ သိပ္ပံပညာရှင်တွေက 
လူဆဲလ်မသေဘဲ အထဲက ပိုးကိုပဲ ရွေးပြီးသေစေနိုင်တဲ့ ကုသမှုနည်းလမ်းတွေကို ဒေါ်လာသန်းချီအကုန်ခံပြီး ရှာနေကြတာပါ ။ 
( ဆားရည်နဲ့ ပလုတ်မကျင်းတတ်လို့ မဟုတ်ပါဘူး )

▪️ခုန အပေါ်မှာ ပြောခဲ့တဲ့....
 S-protein တွေ ၊ lungs ရဲ့ type-2 cells တွေက ACE-2 receptors တွေကို တားနိုင်တဲ့ ဆေးတွေ ရှာနေကြပါတယ် ။ 
အခုထက်ထိတော့ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မအောင်မြင်သေးပါဘူး ။ 

ကောင်းသလိုလိုရှိလို့ မှန်းပြီး သတိနဲ့သုံးနေရတဲ့ဆေးတွေပဲ ရှိပါသေးတယ် ။ 

စာဖတ်သူတွေလည်း သတင်းထဲမှာ မြင်ဖူးကြမှာပါ ။ ငှက်ဖျားဆေးတို့၊ HIV မှာ သုံးတဲ့ဆေးတို့ကို စမ်းသုံးပြီး ကုနေတဲ့ နိုင်ငံတွေရှိပါတယ် ။

🔹အနှစ်ချုပ်ပြန်ပြောရရင်.... 
လူ့ဆဲလ်ထဲ ရောက်သွားပြီဖြစ်တဲ့ ကိုရိုနာပိုးကို သတ်ဖို့ဟာ အပြင်မှာရှိတဲ့ ပိုးကိုသတ်ဖို့လောက် မရိုးရှင်းပါဘူး ။ 

▪️အခု တော်တော်တီးမိခေါက်မိသိသွားပြီဆိုတော့ 
 ဖွဘုတ်မှာ ပျံ့နေတဲ့ ဒီအယူအဆတွေကို ပြန်ဖတ်ကြည့်ပါ။ 

❌ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်...

❌ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးကာကွယ်နိုင်....

❌ဆားရည်နဲ့ ပလုတ်ကျင်းရင် ကိုရိုနာပိုး ကာကွယ်နိုင်... 

❌လည်ချောင်းမှာ လေးရက်နေတယ် / ပြီးရင်အဆုတ်ထဲဆင်းသွားတယ် / အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် 
ပိုးကာကွယ်နိုင်....

❌ကိုရိုနာပိုးက အေးရင် ပိုဖြစ်လို့ လည်ချောင်းအေးသွားအောင် ရေခဲမုန့် မစားရ...

🔹နိဂုံးချုပ်ရရင်...
လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ 
အသိဉာဏ်ဟာ ဘ၀ရဲ့ တန်ဖိုးအရှိဆုံး asset ပါ ....။

အဲဒီ အသိဉာဏ်ကို အဆိပ်လာခတ်သူများကို 
ပြတ်ပြတ်သားသား ငြင်းဆိုနိုင်ပါရစေလား ။
#စုမြ၀င်း

စာကြွင်း 
(လေးစားရတဲ့ စာဖတ်သူတွေကို တစ်ခု မေတ္တာရပ်ခံချင်ပါတယ်ရှင် ။ 

အခုအချိန်ကြီးဟာ false news တွေ၊ fake info တွေ အရမ်းများနေတဲ့ ကာလပါ ။

Copy/credit တွေတင်တဲ့အတွက် 
Credit နောက်မှာ ပါတဲ့ လူနာမည်ဟာ 
ကျော်ကြားတဲ့ လူသိများတဲ့ နာမည်ကြီးသူတစ်ယောက် မဟုတ်ရင် ...

မူရင်း ဘယ်သူရေးလို့ ရေးမှန်းမသိဘဲ ...
အစပျောက်ကာ
ဘယ်ကိုလိုက် အရေးယူရမှန်းမသိတော့ပါဘူး ...

C ကလည်း B ဆီကယူတာ
B ကလည်း A ဆီက တွေ့တာ
A ကလည်း သူများဆီက copy မ, လာတာနဲ့ပဲ.....
ဘယ်သူစရေးမှန်းမသိ
ဘယ်သူကမှလဲ တာ၀န်မယူနိုင်တဲ့ သတင်းအမှားတွေ အများကြီးဖြစ်လာပါတယ် ။

အခု facebook မှာ Fact-checking ဆိုတဲ့ အချက်အလက် မှန်မမှန် စိစစ်တာတွေ လုပ်နေတဲ့
 private အဖွဲ့အစည်းတွေ ၊ သတင်းဌာနတွေ၊ အစိုးရအဖွဲ့တွေ background မှာ တိတ်တဆိတ် run နေပါတယ် ။

ကျွန်မရေးတာကို ကျွန်မတာ၀န်ယူရမှာ ဖြစ်တဲ့အတွက် 
လေးစားရတဲ့ စာဖတ်သူများအနေနဲ့
ဖြစ်သာဖြစ်နိုင်မယ်ဆိုရင် ...
copy-paste-credit လုပ်တာထက် share က...
fact-checking လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အများကြီး ကူညီရာရောက်ပြီး အမှားတွေကို တန်ပြန်ဖို့ ပိုလွယ်ပါတယ်....
ကျေးဇူးတင်ပါတယ်ရှင် )
<<<မူရင်းFacebook Post ဆီသို့>>>

Comments

Popular posts from this blog

အဆောက်ဦးဆိုင်ရာအင်/ယာလက်စွဲ

Etabs 17.01 (2017) With Crack